Thursday, March 4, 2010

ရွှေတိဂုံ စေတီ၏ အကြောင်းအရာများကိုပြခြင်း။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ရှိသော၊ ဘုရားလေးဆူတို့၏ ဓါတ်တော်စုဝေးရာဟူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကိုးကွယ်ရာဖြစ်သော ရွှေတိဂုံစေတီ၏ အကြောင်းအရာကို ပိဋကတ်ကျမ်းဂန်တို့နှင့် လာရှိသည့်အတိုင်း စစ်ဆေး၍ဖေါ်ပြရလျှင် ရမညတိုင်း၊ ဥက္ကလပ ဇနပုဒ် ပေါက္ခရတီမြို့မှ ကုန်သည်ညီနောင် ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် လှည်းငါးရာနှင့် သွားရာ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ သတ္တဌာန ၄၉ ရက်မြောက်သောနေ့တွင် လင်းလွန်းပင်အောက်၌ ၎င်းညီနောင်တို့သည် တွေ့၍ ဂေါတမမှ ဆံတော်ရှစ်ချောင်းကိုပေးလိုက်သည်ဟု ရွှေတိဂုံသမိုင်းတွင် ပြဆိုသည်။
သထုံမြို့ ရှင်မဟာဗောဓိရေးသားသော အနာဂတ၀ံကျမ်း၌ပြဆိုသည်မှာကား။ ။ တဖုဿဘလ္လိကဒွေးဘာဟိကာနံမုဌိကေသဓာတုယောဒတွာ။ ။ဟူ၍ပါဠိလာသည်နှင့်အညီ ၎င်းပါဠိကို မြန်မာလိုပြန်ဆိုရပါက။ တဖုဿဘလ္လိကဒွေးဘာဟိကာနံ တဖုဿ ဘလ္လိကာ ညီနောင်နှစ်ယောက်တို့အား။ မုဌိကေသဓာတုယော တစ်စုပ်သော ဆံတော်ကို။ ဒတွာ ပေးတော်မူ၏ဟူ၍ပြဆိုသည်။ ဆံတော်ရှစ်ချောင်းဟူ၍ မပြဆိုပါ။ ရှင်မဟာနာမရေးသားသော ၀ိနည်းမဟာဝါအဌကထာ၌ ဆံတော်မည်၍မည်မျှဟူ၍ ပိုင်ခြားခြင်းမရှိ၊ ပေးလိုက်ကြောင်းကိုသာပြဆိုသည်။ ၎င်းပြင် တဖုဿနှင့် ဘလ္လိက ညီနောင်တို့၏ နေရပ်ဌာနေ၊ မြို့ရွာများကို အင်္ဂုတ္တရအဌကထာ တဖုဿဝတ္ထု၌ပြဆိုသည်မှာ ၎င်းညီနောင် နှစ်ဦးတို့သည် ရှင်ဂေါတမပေးလိုက်သော ဆံတော်ကို မိမိတို့နေရပ်ဌာနဖြစ်သော အလိတဉ္စနမြို့သို့ ယူလာပြီးလျှင် ၎င်းမြို့တံခါးအနီး အ၀၌ စေတီပြုလုပ်၍ ကိုးကွယ်လေသည်ဟူ၍ပြဆိုသည်။ ရှင်ဓမ္မပါလရေးသားသော ထေရ်ရာကထာ၊ ဘလ္လိကထေရ်၏ သုတ်အဖွင့်တွင်ပြဆိုသည်မှာကား ၎င်းညီနောင်တို့သည် ရာဇဂြိုဟ်ပြည်တွင် ရှင်တော်ဂေါတမတရားကိုနာရ၍ ညီဘလ္လိကသည် ရဟန္တာဖြစ်သွားသည်ဟူ၍ပြဆိုသည်။ အင်္ဂုတ္ထိုရ်ဝတ္ထု၌ ၎င်းဘလ္လိက အမည်ကို ဘတ္တိကဟူ၍လည်းခေါ်သည်။ ။ထို့ကြောင့်ရွှေတိဂုံ သမိုင်းတွင် ပြဆိုသော အရာများနှင့် ပိဋကတ်ကျမ်းတို့တွင် ပြဆိုမှုများတို့သည် အလျှဉ်းမတူကြပါ။ သို့ဖြစ်၍ ၎င်းသမိုင်းစာဆိုသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကိုသာ၍သိရန်၊ ရွေးချယ်၍ကောက်နှုတ်ပြလိုက်ပါသည်။ ကြီးကျယ်သောအမှားများကိုသာလျှင် ကောက်နှုတ်၍ အချုပ်ဖေါ်ပြပါမည်။ ၎င်းသမိုင်းစာတို့ကို စာအုပ်တွင် ရေးပြရလျှင် ဂဏ္ဍဘာရဖြစ်၍ ကျမ်း၏၀န်ကို လေးမည်တစ်ကြောင်း။ ဘတ်ရှုသူတို့လည်း စိတ်မရှင်းမည်ကို စိုးသောကြောင့်တစ်ကြောင်း ထို့ကြောင့် သေးသိမ်သော အမှားတို့ကို ချွင်းချန်၍ ကြီးမားသော အမှားများကိုသာလျှင် ထုတ်နှုတ်ဖေါ်ပြသွားပါမည်။
ရွှေတိဂုံသမိုင်း၌ တချက်ပြဆိုသည်မှာ ၎င်းညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ရွှေတိဂုံစေတီ၏ တည်ရာ ဥက္ကလာပမြို့က အနောက်မဇ္ဈိမဒေသ ရှင်တော်ဂေါတမရှိရာ ဗောဓိပင် အနီးလင်းလွန်းပင်နေရာသို့ လှည်းငါးရာနှင့် ကုန်ရောင်းသွားသည်ဆိုသော စကားသည် မဟုတ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမဇ္ဈိမဒေသနှင့် မြန်မာနိုင်ငံအကြားတွင် မြစ်ဘယ်မျှလောက်ခြားသည် တောင်ရိုးတောင်တန်းဘယ်မျှလောက်ကြီးကျယ်စွာခြားနားသည်ကို ယခုမျက်မှောက်ခေတ်နှင့် နှိုင်းစာလျှင်၎င်း၊ တိုင်းထွာလျှင်၎င်း သိနိုင်ပါသည်။
၎င်းအပြင် ဆံတော်ကို ယူလာစဉ်အခါက ၎င်းဆံတော်ကို ဌာပနာပြု၍ ကိုးကွယ်ဘို့ရာ ရှေးအထက်က ရှင်တော်ဂေါတမ၏ နောင်တော်ဖြစ်သော ကကုသံ၊ ဂေါဏဂုံ၊ ကဿဖစသော ဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေသနှုတ်တော်၊ ဓမ္မခရိုင်တော်များ ဌာပနာရာအရပ်ကို အသက်ကြီးသူလူမှစ၍ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်၊ သိကြားမင်းမှစ၍၎င်း၊ ရေသဖန်းပင်စောင့်နတ် ၊ အိန္ဒရနတ်၊ ဂေါဝိလနတ် ၎င်းနတ်သုံးပါးတို့အားမေးရာ ၎င်းနတ်သားသုံးယောက်တို့ကလည်း အကျွန်ုပ်တို့သည် အသက်တမ်းအားဖြင့် ကမ္ဘာတစ်ဝက်မျှသာ ရှိပါသေးသောကြောင့် ဘုရားသုံးဆူတို့၏ ဓါတ်တော်များကို ဌာပနာရာအရပ်အား မသိကြပါဟုဆိုကြလေသည်။  ၎င်းသမိုင်းစာအရ ပိဋကတ်နှင့် အကိုက်ညီပေ။ ပိဋကတ်က ပြဆိုသည်မှာ အန္တရကပ်ခြောက်ဆယ့်လေးကပ်ကိုမှ မဟာကပ်ကြီးတကပ်ဟုပြဆိုသောကြောင့်၎င်း၊ ၎င်းမဟာကပ်ကြီးလေးကပ်ကို တကမ္ဘာဟုခေါ်သည်၊ ၎င်းဘုရားသုံးဆူတို့တွင် ကကုသံ ဘုရားသည် အန္တရကပ် ရှစ်ကပ်မြောက်တွင်ပွင့်သည်။ ကိုးကပ်မြောက်တွင် ဂေါဏဂုံ ပွင့်သည်။ ဆယ်ကပ်မြောက်တွင် ကဿဖပွင့်သည်ဟုပြဆိုထားလေသည်။ ထို့ကြောင့် ဘုရားလေးဆူတို့ပွင့်သော အချိန်ကာလသည် ကမ္ဘာတ၀က်မရှိသေး၊ ကမ္ဘာတ၀က် ရောက်ဘို့ရာကို မဆိုထားနှင့်ဦး မဟာကပ်တ၀က်ရောက်ဘို့ရာကိုမှ အန္တရကပ်နှစ်ဆယ့်တကပ်လိုသေးသည်။ ထို့ကြောင့် သမိုင်းစာတွင်ပြဆိုသော ကမ္ဘာတ၀က်ရှိသည့် ရေသဖန်းပင်စောင့်နတ်၊ အိန္ဒရနတ်၊ ဂေါပိရနတ်တို့သည် ရွှေတိဂုံသမိုင်းစာ၌ပြဆိုသည့်အတိုင်း အသက်ရှိရိုးမှန်သည်ဆိုပါလျှင်၊ ၎င်းရွှေတိဂုံ သမိုင်းစာပြဆိုသည့်အတိုင်းမှန်ပါကလည်း ၎င်းဘုရားသုံးဆူတို့၏ အကြောင်းအရာကို သိစရာရှိသည်။ ဤကားစဉ်းစာရန်နှင့် အမှားကိုထောက်ပြခြင်းပင်ဖြစ်သည်
၎င်းပြင် ရွှေတိဂုံသမိုင်း၌ ပြဆိုပြန်သည်မှာ ၎င်းဘုရားသုံးဆူတို့၏ ဌာပနာရာအရပ်ကိုသိသော ဒိက္ခိဏနတ်၊ ယောဟဏိနတ်၊ မှော်ဘီနတ်၊ အမြိဿာရနတ်၊ ဆူးလေနတ်ဟူ၍ နတ်သားငါးယောက်တို့ကို သိကြားမင်းခေါ်၍မေးရာ၊ အကျွန်ုပ်တို့၏ အသက်သည် တကမ္ဘာစီရှိပါပြီဟု ပြောသည်။ ထိုသို့ပြောသောအခါ ဘုရားသုံးဆူတို့၏ ဓါတ်တော်ဌာပနာရာအရပ်တို့ကိုမေးလေရာ ထိုနတ်သားငါးယောက်တို့အနက် ဆူးလေနတ်သားပြောသည်မှာ သူသည် ကကုသံ ဘုရားလက်ထက်တွင် ဘီလူးအဖြစ်နှင့် ဖူးတွေ့ရဘူးပါသည် ထိုအခါက ပေးတော်မူသော ဓမ္မခရိုင်အား ၎င်းကုန်း၌ပင် ဌာပနာထား၍ကိုးကွယ်ပါသည်ဟုလျှောက်ဆိုလေသည်။ ဒုတိယတဖန် မှော်ဘီနတ်ကိုမေးသောအခါတွင် မှော်ဘီနတ်ကပြောသည်မှာ အကျွန်ုပ်သည် ဂေါဏဂုံ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့ရ၍ အကျွန်ုပ်ကိုးကွယ်ဘို့ရန်ပေးတော်မူသော ရေသနုတ်တော်ကို ၎င်းကုန်းပေါ်မှာပင် ဌာပနာပြု၍ ကိုးကွယ်ပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကို မေးပြန်သော် ၎င်းနတ်သားက ပြောပြန်သည်မှာ အကျွန်ုပ်သည် ကဿဖ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့စဉ်က အကျွန်ုပ်ကိုးကွယ်ဖို့ တောင်ဝှေးတော်ကိုပေးသနားတော်မူပါသည် ၎င်းတော်ဝှေးတော်အား ၎င်းကုန်း၌ပင် ဌာပနာပြုထားပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် အခြားနတ်သား တစ်ယောက်ကိုမေးပြန်သော် ၎င်းနတ်သားက အကျွန်ုပ်သည် ဂေါတမဘုရားဖြစ်သည်ကို သိပါသည်ဟုပြောသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကိုမေးပြန်သော် အခြားနတ်သားတစ်ယောက်က အကျွန်ုပ်သည် ကမ္ဘာကုန်သည့်တိုင်အောင် ၎င်းဓါတ်တော်ကို စောင့်ရှောက်ရပါမည်ဟု ပြောဆိုလေသည်။ ၎င်းနတ်သား ငါးယောက်တို့တွင် ဆူးလေနတ်နှင့် မှော်ဘီနတ်သာလျှင်  ကကုသံ ဘုရားဓါတ်တော်နှင့် ဂေါဏဂုံ ဘုရားဓါတ်တော်ကို ထိန်းသိမ်းရကြောင်းကိုသာလျှင် သမိုင်းစာတွင်ပြဆိုသည်။ ကျန်နတ်သား သုံးယောက်တို့သည် မည်သည့်နတ်၊ မည်သည့်ဘုရားဓါတ်တော်ကိုစောင့်ရှောက်ရကြောင်း အတိအလင်းနှင့် ကမ္ဘာမည်၍မည်မျှ စသည်တို့ကိုဖေါ်ပြထားခြင်းမရှိပါ
၎င်းသမိုင်းစာအရ စဉ်းစားစရာရှိသည်မှာ နတ်သားငါးယောက်တို့သည် ဤကမ္ဘာတွင် အသက်အားဖြင့် တကမ္ဘာစီရှိသည်ဟူ၍ သမိုင်းစာတွင်ပြဆိုသည်ကတချက်၊ ၎င်းအပြင် ပြဆိုသောအရာမှာ ၎င်းနတ်သားငါးယောက်တို့တွင် သုံးယောက်သော နတ်သားတို့မှာ ဘုရားတစ်ဆူလျှင် ဘီလူးအဖြစ်နှင့် တွေ့ကြုံရသည်ဟူ၍ဆိုထားချေသည်။ ထို့ကြောင့် ၎င်းနှစ်ချက်ကို စဉ်းစားထောက်ရှုပါလျှင် အဘယ်မျှလောက် မှားသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော် သေချာစေရန် ထောက်ပြပါဦးမည်။ ၎င်းဘုရားလေးဆူတို့သည် အန္တရရှစ်ကပ်မြောက်မှစ၍ ဆယ့်တစ်ကပ်မြောက် အတွင်းမှာ ပွင့်ကြသည်ဟု ပိဋကတ်မှာ ပြဆိုသည်တစ်ချက်၊ ၎င်းနတ်သားငါးယောက်တို့တွင်လည်း သုံးယောက်သော နတ်သားတို့သည် ဘုရားသုံးဆူတို့အပွင့်တွင် ဘီလူးအဖြစ်နှင့် တွေ့ကြုံဘူးလေသည်ကတစ်ချက်၊ ၎င်းနတ်သားတို့အသက်သည်လည်း တကမ္ဘာစီရှိကြပြီဟု ပြဆိုသောအချက်တို့ကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး၍ ကြည့်ရှုလျှင်ယခုပြဆိုသော ဘုရားလေးဆူတို့သည် ဤဘဒ္ဓကမ္ဘာတွင်းမှာသာလျှင်ပွင့်ကြကုန်သည်ဟု ပိဋကတ်တွင်ပြဆိုသောကြောင့် ၎င်းရွှေတိဂုံသမိုင်းစာတွင် ပြဆိုသော နတ်သားငါးယောက်တို့၏ အသက်တကမ္ဘာစီရှိသည်ဟု ပြဆိုခြင်းသည်လည်း ပိဋကတ်ကျမ်းစကားနှင့် မညီသည့်အပြင် မိမိရေးသားသော သမိုင်းစာတွင် ရှေ့စကားနောက် စကားမညီသောကြောင့် သိသာရန် ရွှေတိဂုံ သမိုင်းစာမှားချက်ကို ၀ကွက်၍ ရှင်းပြလိုက်ပါသည်။ ၎င်းအပြင်  သမိုင်းစာတွင် ပြဆိုပြန်သည်မှာ ၎င်းဆံတော်ဓါတ်ကို ဥက္ကလပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက ညီနောင်တို့ ဌပနာတိုက်တွင်းစဉ်အခါက ၎င်းဌာပနာတိုက်ထဲသို့ ဆံတော်ဓါတ်နှင့်အတူ တည့်သွင်းသည်မှာ ၎င်းဥက္ကလာပမင်းကြီးအရုပ်မှစ၍ မိဖုရားမောင်းမမိဿံ၊ ဆွေတော်မျိုးတော်တို့၏ အရုပ်၊ တဖုဿနှင့် ဘလ္လိက၊ ညီနောင်သမီးခင်ပွန်းတို့၏ အရုပ်စသည်တို့ကို သွန်းလုပ်၍ ထည်းထားကြကုန်သည်။ ၎င်းအပြင် လင်္ကျာရံ ရှင်သာရိပုတ္တရာအရုပ်၊ လက်ဝဲရံ ရင်မောဂ္ဂလံအရုပ်မှစ၍ အသီမိရဟန္တာ ရှစ်ကျိပ်တို့၏ အရုပ်တို့ကိုလည်း သွန်းလုပ်၍ထည့်ထားကုန်၏ဟု သမိုင်းစာတွင်ပြဆိုသည်။ ၎င်းပြဆိုခြင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် တဖုဿ ဘလ္လိက ညီနောင်တို့သည် ရှင်တော်ဂေါတမနှင့် တွေ့ရှိစဉ်အခါက ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ရောက်၍ ၄၉ ရက်မျှသာရှိသေးသည်၊ မည်သူ့ကိုမှ မည်သည့်တရားကိုမှ မဟောရသေး၊ မည်သည့်ဇာတ်နိပါတ်ကိုမှလည်း မထုတ်ဖေါ်ရသေး၊ ဤအခါက တဖုဿ ဘလ္လိက ညီနောင်တို့သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုသော ဒွေးဝါစိက သရဏဂုံကိုသာလျှင် ခံယူရလေသည်ဟု ဗုဒ္ဓ၀င် အဌကထာကျမ်းတွင်ပြဆိုထားလေသည်။ ထို့ကြောင့် ၎င်းဆံတော်ကို ဌာပနာ စည်းစဉ်အခါက ဌာပနာတိုက်ထဲသို့ လင်္ကျာရံ၊ လက်ဝဲရံမှစ၍ အသီမိရှစ်ကျိပ်ရဟန္တာတို့၏ အရုပ်ကို သွန်းလုပ်၍ ဌာပနာသည်ဟု သမိုင်းစာတွင် ပြဆိုခြင်းများတို့သည် ၎င်းသမိုင်းစာတွင် ရေးသည့်အတိုင်း မမှန်ကြောင်းကို သက်သေခံပြထားသောကြောင့် ရှင်းလင်းစွာသိမြင်ရလေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်အခါက တဖုဿ၊ ဘလ္လိကတို့အား ဆံတော်ကို ကိုးကွယ်ဘို့ရာပေးသည်ဆိုစေဦးတော့၊ တဖုဿ၊ ဘလ္လိကတို့ စေတီတည်သည်ဆိုစေဦးတော့ ဤမြန်မာနိုင်ငံတွင် မဟုတ်နိုင်ရာဖြစ်သတည်း။  ဤကား ရွှေတိဂုံစေတီ၏ သမိုင်းအကြောင်းအရာတို့ကို စစ်ဆေး၍ပြလိုက်ခြင်းပင်ဖြစ်သတည်း။

Twitter Delicious Facebook Digg Stumbleupon Favorites More