Monday, February 22, 2010

ရုပ်တုစေတီကိုကိုးကွယ်သော အဂ္ဂိဒဌပုဏ္ဏားအား ဂေါတမတရားဟောခြင်း။

ရုပ်တုစေတီတို့ကို ကိုးကွယ်ခြင်း ဘာသာထုံးတမ်းသည် ယခုဤ မြန်မာပြည်တွင်၊ မြန်မာလူမျိုးတို့သာလျှင် ကိုးကွယ်ကြသည်မဟုတ်ချေ။ ရှင်တော်ဂေါတမ မပေါ်ထွန်းမီ ရှေးအထက်ကပင် ရှိသည်။ ရှင်တော်ဂေါတမ လက်ထက်တွင်လည်း၊ ဝေသာဠီပြည်သားတို့သည် ၊ စပလ အမည်ရှိသော စေတီတို့ကို ကိုးကွယ်ကြသည်။ ၎င်းပြင်လည်း၊ ဥရုဝေလ တောကြီး၌ တပည့်အပေါင်း တသောင်းခန့်ရှိသော အဂ္ဂိဒဌပုဏ္ဏားကြီးသည်၊ သဲပုံစေတီ၊ ရုပ်တု အစရှိသည်တို့ကို ပြုလုပ်၍ မီးဖြူ၊ မီးဝါ၊ ချိုချဉ်ဘောဇဉ် တို့နှင့် ပူဇော်ပွဲပြုလုပ်၍ နေသည်ကို၊ ရှင်ဂေါတမတွေ့မြင်လျှင်၊ ၎င်းအဂ္ဂိဒဌအား ရှင်တော်ဂေါတမ ဆုံးမသည်မှာ။ ။ဗဟုဝေသရဏံယန္တိ၊ ပပ္ပတာနိဝနာနိစ၊ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယာတဇ္ဇိတာ။ ။နေတံခေါ်သရဏံ ခေမံ၊ နေတံသရဏမုတ္တမံ၊ နေတံသရဏမာဂမ္မ၊ သပ္ပဒုက္ခာနမုစ္စတိ။ ။ ဓမ္မပဒပါဠိ၊ အဂ္ဂိဒဋ္ဌ၀တ္ထုဖြစ်သည်။ မြန်မာပြန်ဘာသာဆိုရပါလျှင်ကား။ ဘောအဂ္ဂိဒဋ္ဌ၊ အိုပုဏ္ဏားရသေ့။ ဗဟု၊များစွာကုန်တတ်သော။ မနုဿာ၊ လူအပေါင်းတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးကိုကြောက်ရွံ့ခြင်းကြောင့်။ ပပ္ပတာနိဝနာနိစ၊ တောကြီး၊ တောင်ငယ်၊ သစ်ပင်ကြီးတို့ကိုလည်းကောင်း။ အာရာမရုက္ခေစေတျာနိ၊ အရံတံတိုင်း မီးတားတို့ဖြင့် ပြုလုပ်စီမံကာရံထားသော။ ဗောဓိသစ်ပင်၊ အုပ်ပုံ၊ စေတီ၊ ပုထိုး၊ ရုပ်တုအစရှိသောအရာတို့ကိုလည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ဆည်းကပ်ခြင်းသို့ ။ ယန္တိ၊ရောက်ကြကုန်၏။ ဘောအဂ္ဂိဒဋ္ဌ၊ အို ပုဏ္ဏားရသေ့။ ဧတံခေါသရဏံ၊ ဤကိုးကွယ်ခြင်းအမှုသည်။ ခေမံ၊ ဘေးမရှိသော ကိုးကွယ်ခြင်းမည်သည်။ နဟောတိ၊ မဖြစ်။ ဧတံခေါသရဏံ၊ ဤကိုးကွယ်ခြင်းအရာသည်။ နဥတ္တမံ၊ မမြတ်။ ဧတံသရဏံ၊ ဤမိစ္ဆာဒိဌိ ကိုးကွယ်ခြင်းအမှုကို။ အာဂမ၊ စွဲလမ်းပြုလုပ်သော်လည်း။ သပ္ပဒုက္ခော၊ ခပ်သိမ်းသော၊ ဘေးအပေါင်းတို့မှ။ နမုစ္စတိ၊ မလွတ်မြောက်နိုင်ဟူ၍။ ဤသို့ဥရုဝေဠ တောကြီးအတွင်း အဂ္ဂိဒဋ္ဌ အမည်ရှိသော ပုဏ္ဏားရသေ့ကြီးအား ရှင်တော်ဂေါတမသည် ဟောပြောဆုံးမလေသည်။ ။ ထို့ကြောင့် မြန်မာနိုင်ငံတွင်၊ ဗုဒ္ဓဘာသာဟူ၍ အမည်နာမခေါ်တွင်သော၊ မြန်မာ ၊ ရဟန်း၊ ရှင်လူတို့ ယခုပြုလုပ်ကြသော ရုပ်တု၊ စေတီ၊ ပုထိုးပွဲ၊ ဆွမ်းတော်ကြီးပွဲ၊ မီးထွန်းပွဲသဘင် အစရှိသမျသော အလေ့အထတို့သည်၊ ၎င်းအဂ္ဂိဒဋ္ဌပုဏ္ဏား ရသေ့ကြီးက ဆင်းသက်သော အလေ့အလာဖြစ်သူဟု ယူဆရန်သာရှိသည်။ ဤကား ပိဋကတ်ကျမ်းတို့၌ တွေ့ရသော တရားအတိုင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More