Monday, January 18, 2010

င။ အမျိုးလေးပါကွဲခြင်း။

င။ အမျိုးလေးပါကွဲခြင်း။

        ထို့နောက်မှ၊ သီလသမာဓိနှင့် ပြည့်စုံသော သူတို့သည်၊ သူ့ဥစ္စာကို ခိုးခြင်း၊ မုသာဆိုခြင်း၊ ကဲ့ရဲ့ခြင်း၊ ဒါဏ်ပေးခြင်းဟု ဆိုအပ်သော ယုတ်မာသောတရားတို့ကို ဖျောက်ခြင်းငှါ၊ တော၌ သစ်ရွက်သစ်ခက်တို့ကို၊ ကုဋိပြု၍နေကုန်၏။ ရွာနိဂုံးမင်းနေပြည်၌၊ ဆွမ်းခံ၍ အသက်မွေးကုန်၏၊ ဤသို့ ယုတ်မာသော အကုသိုလ်တရားကို ပယ်သောသူတို့ကို၊ ဗြဟ္မဏ ( ပုဏ္ဏား)ဟုခေါ်ကုန်၏။ အချို့တို့သည် အိမ်ယာထောင်၍၊ လယ်လုပ်ကုန်သွယ်၍ အမှုကိုပြုသဖြင့်၊ များစွာသော ပစ္စည်း ပစ္စယံရှိကုန်၏။ ထိုသူတို့ကို ဝေဿ (ကုန်သည်) အကြင် ဘုန်းနည်းသော သူတို့သည်၊ သူတပါး၏၊ ညှဉ်းဆဲခြင်းကိုခံရ၍၊ ဆင်းရဲသော အမူအရာဖြင့် အသက်မွေးကုန်၏။  ထိုသူတို့ကို ကြမ်းကြုတ်သော အကျင့်ရှိသောကြောင့်၊ လုဒ္ဓါစာရ၊ သို့မဟုတ် သုဒ္ဓါဟု (ဆင်းရဲသားမျိုး)ခေါ်ကုန်၏။ ထိုသုံးမျိုးတို့အပေါ်တွင် အုပ်စိုး၍ တရားသဖြင့် မင်းပြုသော သူတို့ကို၊ ခတ္တိယ (မင်းမျိုး)ဟုခေါ်ကုန်၏။ ထိုမှစ၍၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး၊ မင်းမျိုးဟူ၍ ထင်ရှားဖြစ်လေ၏။

        မှတ်ရန်။ ။ဤလေးမျိုးပင်၊ ဟိန္ဒူကုလား လူမျိုးတို့၏ ဇာတ်လေးဦး၊ အမျိုးလေးမျိုးဖြစ်၏။ ထိုဇာတ်တွင် ပုဏ္ဏားတို့က မိမိတို့အား ဗြဟ္မာ၏ ခံတွင်းမှ ဖန်ဆင်းလိုက်သည်။ ခတ္တိယတို့ကို လက်ရုံးမှ ဖန်ဆင်းလိုက်သည်။ ဝေဿတို့ကို ဝမ်းဗိုက်မှ ဖန်ဆင်းလိုက်သည်။ သုဒ္ဒတို့ကို ခြေထောက်မှ ဖန်ဆင်းလိုက်သည်ဟု အယူရှိ၏။

တနည်း။ ။ ၄င်းပါဠိတော်၊ အမျိုးလေးပါတို့ အထဲမှ ထွက်၍ ရဟန်းခံသည်ကိုထောက်သဖြင့်၊ အစမူလ၌ တမျိုးတည်းဟူသော ဇာတ်ဘာဝကွဲသည်၊ စကားကွဲသည် မဟုတ်ပဲ အလုပ်သာ ကွဲသည်ဟု မှတ်ရန်ရှိသည်။ ပမာ။ မြန်မာထဲမှပင် ၊ ရဟန်း၊ မင်း၊ ကုန်သည်၊ ဆင်းရဲသားမှစ၍ အလုပ်အမျိုးမျိုးလုပ်နိုင်၏။ စကားကွဲ၊ လူမျိုးကွဲ မဆိုသာချေ။

ခရစ်ယာန်။ ။ ထာဝရဘုရားကကြည်ရှုလော့၊ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခု ကြံစည်သမျတို့ကို၊ အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်၊ လာကြ ဆင်းသက်ကြကုန်အံ့။ သူတို့အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့ စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားသည် ၊ သူတို့ကို မြေတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့မတည်ဘဲနေကြ၏။ ကမ္ဘာဦး ၁၁း၆-၈။ ဘုရားသခင်သည် မြေတပြင်လုံး၌နေသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၏။ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကို၎င်း၊ သူတို့နေရာ အပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။ တမန်တော် ၁၇း၂၆ ဟူ၍ လာသည့်အတိုင်း ကမ္ဘာဦးက ဗာဗုလုံရဲတိုက်ကပင် စ၍ကွဲပြားခဲ့ကြလေသည်မှာ လူသမိုင်းအတွက် အထင်အရှားပင်ဖြစ်လေတော့သည်။

 

Twitter Delicious Facebook Digg Stumbleupon Favorites More